ဘေးကင်း လုံခြုံစိတ်ချမှုကို အာမခံသည့် မိသားစု မီးဖိုဆောင်သုံး ပါရမီဂတ်(စ်)ကို စတင်ဖြန့်ချီ

Parami Energy CEO Pyi Wa Tun

ပါရမီစွမ်းအင်၏ ရေနံဓာတ်ငွေ့ရည် (LPG) ဂတ်(စ) အိုးများဖြန့်ချီရေးမှ မြန်မာအမျိုးသမီးများအားအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးမည်

  • ပါရမီ LPG ဂတ်(စ)ကို ယခုနှစ်မှစ၍ မြန်မာပြည်အိမ်ထောင်စု တစ်သိန်းနီးပါးအား ဖြန့်ဖြူးသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် အိမ်ထောင်စု (၂) သန်းအား ဖြန့်ချီပေးသွားမည်
  • LPG ဂတ်(စ) များ ဖြန့်ဖြူးရာတွင် Social Business အဖြစ် အမျိုးသမီးများအတွက် အလုပ်အကိုင်များ ဖန်တီးပေးမည်
  • ကနဦးအနေဖြင့် အမျိုးသမီး (၈၀၀)နီးပါးကို အလုပ်အကိုင်ဖန်တီးပေးနိုင်မည်

Parami Energy Services  Co., Ltd သည် သုံးစွဲသူများအတွက် ဘေးကင်းလုံခြုံစိတ်ချရသော နိုင်ငံတကာ စံချိန်စံညွှန်းမီ LPG အိုးသစ်များကို မြန်မာနိုင်ငံအတွက် ပထမဆုံး “မိသားစုမီးဖို​ဆောင်သုံး Gas Brand” တစ်ခု အနေဖြင့် ဈေးကွက်တွင်းသို့ ယနေ့တွင် စတင်ဖြန့်ချီလိုက်ပြီဖြစ်သည်။

Parami LPG Product Launch

ပါရမီ LPG ဂတ်(စ) မိတ်ဆက်ဖြန့်ချီခြင်းအခမ်းအနားကို ဒီဇင်ဘာလ (၁၂) ရက်နေ့က ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားကို ပါရမီစွမ်းအင်မှ တာဝန်ရှိသူများ၊ ပါရမီစွမ်းအင် အရောင်းကိုယ်စားလှယ်အမျိုးသမီးများ၊ မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေ၀ီသန့်စင်နှင့် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများဖြစ်သည့် Puma Energy နှင့် Total Energy တို့မှ တာဝန်ရှိသူများနှင့် သတင်းနှင့် မီဒီယာများမှ တက်ရောက်ခဲ့ကြသည်။

Daw Daewi Thant Zin

အခမ်းအနားသို့ တက်ရောက်လာသော မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေ၀ီသန့်စင်က “ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားတဲ့ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင် Sustainable Development Goal ကို ပါရမီစွမ်းအင်က လျှောက်လှမ်းနေ တာပါ။ အဲဒီမှာအားလုံး ပြဌာန်းထားတာ ၁၇ ချက်ရှိပါတယ်။ အဲဒီမှာ နံပါတ် (၇) နဲ့ (၁၅) ဟာ အခု ပါရမီစွမ်းအင်က လုပ်ကိုင်နေသလိုမျိုး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာကို စီးပွားရေး လုပ်ရင်းနဲ့ ကျွဲကူးရေပါဆိုသလို တွဲပြီး အလုပ်လုပ်တဲ့၂ ချက်ပါ။ ကုလသမဂ္ဂက SDG (Sustainable Development Goal)ရဲ့ နံပါတ် (၇) ဟာဆိုရင် အိမ်တွင်းသုံး စွမ်းအင်သန့်ရှင်းဖို့၊ ကျန်းမာဖို့ တက်နိုင်တဲ့ ငွေအင်အားနဲ့ ရေရှည်သုံးနိုင်မယ့်စွမ်းအင်ကို ဖန်တီးဖို့ ဘေးအန္တရာယ်မရှိတဲ့ စွမ်းအင်ကို တက်နိုင်သလောက် နေအိမ်ပေါ်မှာသုံးဖို့ ချမှတ်ထားပါတယ်။ (၁၅)အချက်က တော့ ကျွန်မတို့နဲ့ ဆိုင်ပါတယ်။ အဲဒါက ကမ္ဘာမြေ ရဲ့သဘာဝဂေဟစနစ်တွေ မပျက်စီးအောင်ထိန်းသိမ်းပေးဖို့ပါ။ သဲကန္တာရတွေကိုလျော့သွားအောင်ပါ။ သစ်တောတွေကိုပြန်လည်စိမ်းလမ်းစိုပြေအောင်ပါ။ ကမ္ဘာ့ရဲ့အပူချိန်ကျပြီးတော့ ဒီသစ်တောထဲမှာနေတဲ့ ဇီဝမျိုးစုံ အပင်အကောင်တွေဟာ ပြန်လည်ရှင်သန်ဖို့ပါ။ အခု ကျေးရွာတွေမှာ မိသားစုချက်ပြုတ်တဲ့အခါ သုံးတဲ့ထင်းဆိုတာ ထင်းတစ်ချောင်းပဲ သုံးသုံး၊ နှစ်ချောင်းပဲ သုံးသုံး သစ်ပင်ခုတ်ရပါတယ်။ အဲဒါတွေကို လျှော့ကျစေဖို့ ပါရမီကုမ္ပဏီဟာ Highlight လုပ်ပြီးတော့ အင်မတန်မှသန့်ရှင်းတဲ့ ရေနံဓာတ်ငွေ့ရည်နဲ့ မိတ်ဆက်ပေးတဲ့အခမ်းအနားပဲဖြစ်ပါတယ်” ဟု အခမ်းအနားအဖွင့်အမှာစကား ပြောကြားခဲ့သည်။

အရည်အသွေးမြင့် ဘေးကင်းလုံခြုံစိတ်ချမှုရှိသည့် ပါရမီ LPG ဂတ်(စ) အိုးများ

ပါရမီစွမ်းအင်သည် အင်ဒိုနီးရှားနိုင်ငံနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ အရည်အသွေးမြင့် LPG ဂတ်(စ) (ရေနံဓာတ်ငွေ့ရည်) များကို သန်လျင်ရေနံချက်စက်ရုံရှိ ၎င်းတို့ တင်ဒါအောင်မြင်ထားသော LPG ဆိပ်ကမ်းမှ တစ်ဆင့် တင်သွင်းကာ ဒိန်းမတ်၊ ပြင်သစ်၊ မလေးရှားနိုင်ငံများမှ နည်းပညာမြင့်မားသော Automatic Carousel Machine များဖြင့် မိသားစု မီးဖိုဆောင်သုံး အရွယ်အစား များဖြင့်သည့် 5 Kg နှင့် 12.5 Kg ပမာဏရှိ LPG အိုးများကို နေ့စဉ် ထုတ်လုပ်ကာ ဈေးကွက်သို့ ဖြန့်ချီသွားမည်ဖြစ်သည်။

Parami Energy Services  Co., Ltd သည် အရည်အသွေးမြင့်မားမှုအပြင် သုံးစွဲသူများ ဘေးကင်းလုံခြုံစိတ်ချရမှုကို ဦးစားပေးကာ ကမ္ဘာတွင် အကောင်းဆုံးဆလင်ဒါထုတ်လုပ်သူ ထိုင်းနိုင်ငံရှိ SMPC Co.,Ltd (Sahamitr Pressure Container Public Co.,Ltd) မှ LPG ဆလင်ဒါအိုးသစ်များကို မှာယူတင်သွင်းထားသည်။

Parami LPG Cylinders

“SMPC က ၀ယ်တဲ့ အိုးတစ်လုံးရဲ့ တန်ဖိုးက တရုတ်က ၀ယ်တဲ့ အိုးရဲ့တန်ဖိုးနဲ့ယှဉ်လိုက်ရင် ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက် ဈေးပိုကြီးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကပိုပြီး Safety ရှိလို့ပါ။ အခု ဒီအိုးတွေကလည်း ထိုင်းက SMPC ကနေ သွင်းထားတာပါ။ သူတို့ကလည်း အာမခံချက်ပေးထားပါတယ်” ဟု ပါရမီစွမ်းအင်မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးပြည့်ဝထွန်းက ပြောသည်။

ဆက်လက်ပြီး “LPG ရေနံဓာတ်ငွေ့တန်ချိန်ပေါင်း ၅၀၀၀ ကနေ ၆၀၀၀ ကြားလောက် လစဉ်ဆိုသလို ထိုင်းနိုင်ငံကနေ မြန်မာပြည် ထဲကို ကားတွေနဲ့ ၀င်ရောက်နေတယ်။ တစ်နှစ်ဆိုရင် တင်သွင်းမှုက တန်ချိန် စုစုပေါင်း ၇၀၀၀၀ လောက်ရှိတယ်။ ဒီပမာဏက ထိုင်းနိုင်ငံမှာ LPG ဓာတ်ငွေ့ရည်အသုံးပြုမှုပမာဏ တန်ချိန် သန်းနဲ့ နှိုင်းယှဉ်ရင် အရမ်းနည်းသေးတယ်ဟု ဦးပြည့်ဝထွန်းက ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာတစ်နိုင်ငံ အိမ်ထောင်စု စုစုပေါင်း၏ (၅) ရာခိုင်နှုန်းအောက်သာ LPG ဂတ်(စ)ကိုအသုံးပြု နေလျက်ရှိပြီး အာဆီယံနိုင်ငံများတွင်မူ အိမ်ထောင်စု (၉၀) ရာခိုင်နှုန်းကျော်က LPG ဂတ်(စ) ကို တွင်ကျယ်စွာ အသုံးပြုကြသည်ဟု ဦးပြည့်ဝထွန်းက ဖြည့်စွက်ပြောကြားသည်။

ထိုကဲ့သို့ အသုံးပြုမှုလျော့နည်းနေခြင်း၏ အကြောင်းများမှာ ဈေးကွက်တွင် LPG အ​မြောက်အများကို မဖြန့်ဖြူးနိုင် ခြင်း၊ ၀ယ်ယူရခက်ခဲခြင်း၊ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်မှုများရှိခြင်း စသည့် အချက်များကြောင့်ဖြစ်ပြီး ယခုအခါ ပါရမီစွမ်းအင်မှ အဆိုပါ အားနည်းချက်များကို ဖြည့်ဆည်း၍ လိုအပ်သည့် ပမာဏကို ဈေးကွက်အတွင်း အလွယ်တကူ ၀ယ်ယူ သုံးစွဲနိုင်အောင် ဆောင်ရွက်လျက် ရှိသည်။

ရန်ကုန်မှစတင်၍ မြန်မာတပြည်လုံးဖြန့်ချီကာ အမျိုးသမီးများကို အလုပ်အကိုင်အခွင့်အလမ်းပေးသွားမည်

ပါရမီစွမ်းအင်အနေနှင့် ယနေ့မှ စ၍ (၂၀၁၉) ခုနှစ်အတွင်း ရန်ကုန်မြို့ရှိ အိမ်ထောင်စု (၁) သိန်းအား LPG ဂတ်(စ)အိုးများ ဖြန့်ချီသွားကာ ၂၀၂၀ ခုနှစ်တွင် မြန်မာတစ်ပြည်လုံးရှိ အိမ်ထောင်စု (၂) သန်းခန့်အား ဖြန့်ချီပေးသွားနိုင်ရန် မျှော်မှန်းထားသည်။

ပါရမီစွမ်းအင်အနေနှင့် LPG ဂတ်(စ) အိုးများ ဖြန့်ဖြူးပေးရာတွင် အမျိုးသမီးများအတွက် Social Business အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည်ဖြစ်သည်။

Parami LPG WomenDistributor

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးပြည့်ဝထွန်းက “ရန်ကုန်မြို့ကို ပထမ အဆင့် အနေနဲ့ ဖြန့်ချီသွားမှာဖြစ်တယ်။  ရန်ကုန်မှာက မြို့လယ်မှာ မြို့နယ်ပေါင်း (၃၄) မြို့နယ်လောက်ရှိပြီး တစ်မြို့နယ်မှာ ရပ်ကွက်က (၁၆)ခု၊ (၁၈) ခုလောက်ရှိတော့  ရန်ကုန်မှာက ရပ်ကွက်ပေါင်း (၈၀၀)လောက်ရှိမယ်။ တစ်ရပ်ကွက်ကို အမျိုးသမီးကိုယ်စားလှယ် ဖြန့်ဖြူးသူတစ်ယောက်လို့ ခန့်မှန်းလိုက်တယ်။ ခန့်မှန်းခြေ (၈၀၀) ပေါ့နော်။ ရပ်ကွက်တစ်ခုမှာ အိမ်ထောင်စုပေါင်း (၄၀၀) ဆိုရင် သူကို ရာခိုင်နှုန်းတစ်ခုပေးထားတဲ့အတွက် သူက ရောင်း နိုင်တယ်ဆိုရင် တစ်လကို သုံးသိန်းနဲ့ ငါးသိန်းအကြား  အမျိုးသမီးတယောက်အနေနဲ့ ၀င်ငွေရှိမယ်။ ရင်းနှီးမြှုပ်နှံမှု ကလည်း ဘာမှမလိုဘူး။ လုံခြုံမှုအတွက်လည်း ပါရမီဘက်က ပညာပေးတာတွေ လုပ်ပေးမှာဖြစ်ပါတယ်” ဟု ပြောသည်။

LPG (သဘာဝရေနံဓာတ်ငွေ့ရည်) တစ်နည်း Cooking Gas အား အသုံးပြုခြင်းဖြင့် မြန်မာပြည်တွင် သစ်တောပြုန်းတီးမှုကို လျှော့ချရန်နှင့်၊ လျှပ်စစ်မီးသုံးစွဲမှုတွင် အစိုးရမှ စိုက်ထုတ်ကုန်ကျမှုကို လျှော့နည်း သက်သာစေသည့်အပြင် သဘာဝကျင် ထိန်းသိမ်းမှုအတွက် အထောက်အကူပြုစေမည်ဟု ပါရမီစွမ်းအင်က ယုံကြည်ထားသည်။

U Aung Myo Shein, CSR Manager

ယင်းအတွက် ရှမ်းပြည်နယ်၊ ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး ထင်းအစားထိုး၊ လူထုမီးဖိုဆောင် (Community Kitchen) ဖွင့်လှစ်ထားသည်။

အလားတူ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်များတွင် လူထုမီးဖိုဆောင်များ ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပါရမီစွမ်းအင်အနေနှင့် LPG ဂတ်(စ) လုပ်ငန်းအတွက် လက်ရှိတွင် အမေရိကန်ဒေါ်လာ (၁၀) သန်း ရင်းနှီးမြှုပ်နှံထားပြီး နောက်ထပ် (၃) နှစ်အတွင်း အမေရိကန်ဒေါ်လာ (၂၅) သန်းအား ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။

Parami CEO Interview with Media

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု အကြောင်း

 ပါရမီစွမ်းအင်သည် ဆန်းသစ်တီထွင်မှုဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

  • ပါရမီစွမ်းအင်ကို ၂၀၀၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး မူလအစတွင် အင်ဂျင်နီယာလုပ်ငန်းများဆိုင်ရာ ၀န်ဆောင်မှုများပေးသည့် ကုမ္ပဏီအဖြစ်မှ နောက်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ စွမ်းအင် စသည့် အဓိက စီးပွားရေးလုပ်ငန်းများနှင့်အတူ ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုအဖြစ် လုပ်ငန်းတိုးချဲ့ နိုင်ခဲ့ပါသည်။
  • မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသည့် စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ အပြင် အလားအလာရှိ သော လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်ရာတွင် ပါရမီစွမ်းအင်သည် ထိပ်တန်းနိုင်ငံတကာ စွမ်းအင်လုပ်ငန်းစုများနှင့် ချိတ်ဆက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါသည်။
  • ပါရမီစွမ်းအင်သည် ယုံကြည်စိတ်ချရသည့် စွမ်းအင်ထောက်ပံ့ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနှင့် မြို့ပြလူမှု အသိုက်အ၀န်းများ ၀ယ်ယူနိုင်သည့် ဈေးနှုန်းဖြင့် ရေနံဓာတ်ငွေ့ရည် (LPG) ကို တင်ပို့ကာ ဖြန့်ဖြူးနေပါသည်။
  • စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားလျှပ်စစ်ကွန်ယက် (mini grid)၊ ပြည့်ဖြိုး မြဲစွမ်းအင်နှင့် ကျေးလက်ဒေသမီးလင်းရေး ကနဦးလုပ်ဆောင်ချက်များ အပါအ၀င် ပမာဏကြီးမားသော  စွမ်းအင်စီမံကိန်းများမှတဆင့် မြန်မာနိုင်ငံ၌ လက်ရှိနှင့် အနာဂတ်စွမ်းအင်လိုအပ်ချက်များကို ဖြေရှင်းရာတွင် ပါရမီစွမ်းအင်သည် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ပါရမီစွမ်းအင်သည် မိမိတို့လုပ်ငန်းဆောင်ရွက်သည့် နေရာများရှိလူမှုအသိုက်အ၀န်းများ၊ ပြည်သူများ၏ လူမှု ဘ၀တိုးတက်စေရေးနှင့် နိုင်ငံသားများအပေါ်တာဝန်ကျေပွန်စေရေးအတွက်နိုင်ငံတကာ ကျင့်သုံးမှုများကို တန်ဖိုး ထားကာ လိုက်နာဆောင်ရွက်လျက်ရှိပါသည်။