ဧရာဝတီတိုင်းဒေသကြီး ကမ်းနီတိုက်နယ် ဆေးရုံမီးလင်းရေးအတွက် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု CSR အစီအစဉ်အဖြစ် နေရောင်ခြည် စွမ်းအင်သုံးလျပ်စစ် ဓါတ်အားပေးစနစ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ကမ်းနီ ကျေးရွာရှိ တိုက် နယ် ဆေးရုံ မီးလင်းရေးအတွက် ပါရမီစွမ်းအင် ကုမ္ပဏီများ အုပ်စု နှင့် Belgium နိုင်ငံအခြေစိုက် Bright Foundation တို့ ပူးပေါင်း ဆောင်ရွက် ခဲ့သည့် နေရောင်ခြည် စွမ်းအင်သုံးလျပ်စစ် ဓါတ်အားပေးစနစ် လှူဒါန်းခြင်း အခမ်း အနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ၁၄ ရက်တွင်  အဆိုပါဆေးရုံ ပရိဝုဏ်တွင် ကျင်းပခဲ့ပါသည်။

ထိုအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လမ်းပန်းနှင့်လျပ်စစ်စွမ်းအားဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်စသည့် ပြည်သူ တင်မြှောက်ထားသည့် ပုဂ္ဂိုလ် များ ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ၀န်ထမ်း များ၊ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ တာဝန်ရှိ သူများ၊  Bright Foundation မှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာ သူကျေးရွာသားများ တက်ရောက် ခဲ့ကြောင်း သိရပါသည်။

 

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၏ CSR အစီအစဉ်တစ်ခုအဖြစ်စီစဉ် ဆောင်ရွက်သည့် အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ် အားပေးစနစ်တွင် ဘယ်ဂျီယံ၊ ဂျာမဏီ၊ သြစတီးယားစသည့် ဥရောပနိုင်ငံများမှ နောက်ဆုံးပေါ်နည်းပညာဖြင့် အဆင့်မြင့်စွာထုတ်လုပ်ထားသည့် ပစ္စည်းများကို အသုံးပြုထားသည်ဟု သိရသည်။ ထို့အပြင် ဆိုလာပြားများသည် လည်း တရုတ်ပြည်မှ ဥရောပသို့ တင်ပို့သော ပိုလီမာနှစ်ထပ်ပါဝင်သည့် အကောင်းဆုံးဆိုလာပြားများဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် လက်ရှိ တပ်ဆင်အသုံးပြုနေသည့် ဆိုလာစနစ်များအနက် အကောင်းဆုံးဖြစ်သည်ဟုသိရှိရပါသည်။

 

Bright Foundation ၏ ဥက္ကဌဖြစ်သူ Mr.Nando ကိုယ်တိုင် ဦးဆောင် ပါဝင်လျက် ရိုမေးနီးယား လူမျိုးအင်ဂျင်နီယာက တည်ဆောက်ခဲ့သည့် ထိုဆိုလာစနစ်သည် အရည်အသွေး မြင့်မားသည့် အတွက် နှစ်၂၀ကြာရှည်တိုင်အောင် သုံးစွဲနိုင် မည်ဖြစ်ကြောင်း၊ ထုတ်လုပ်ပေးမည့် လျပ်စစ်သည်လည်း ဆေးရုံ၏ ဓါတ်မှန်စက်များ အပါအ၀င် စက်ကရိယာ ပစ္စည်းများကို ကောင်းစွာ အသုံးပြုနိုင်ရန် လုံလောက်ရုံသာမကဘဲ ပိုလျံနေသည့်အတွက် ကျေးရွာလူထုအတွက် လိုအပ်သလို မျှဝေ သုံးစွဲနိုင်ကြောင်း သိရပါသည်။